Thursday, January 8, 2009

မြစ်တစ်စင်းရဲ့ (၂၆) တေးချင်း


အနားသတ်မျဉ်းတစ်ကြောင်းရယ်

ပုဆိုးတစ်ကွင်းရယ်

ဝက်ခြံရယ်၊ သွေးစုနာရယ်

ပြီးတော့

ကျွန်တော်ချစ်ရတဲ့သူတွေရယ်။

 

မြစ်တစ်မြစ်ဟာ

မြစ်ယောင်ဆောင်ပြီး

မြစ်လိုစီးဆင်းခဲ့တယ်

သံစဉ်နှင့်၊ သံစဉ်မဲ့ညတွေကို

သိမ်းထုပ်စုပိုးပြီး စီးဆင်းခဲ့တယ်။

 

ခြေအိတ်ရယ်၊ ဖိနပ်ပြတ်ရယ်

သူခိုးရယ်၊ အရက်ပုန်းရယ်

ဆူးချဉ်ရယ်၊ ဗူးခါးရယ်

မနက်ဖြန် နှင့် သွားပွတ်တံရယ်

ပြီးတော့

ဝစ်လစ်စလစ် နှင်းဆီရယ်။

 

ထင်းရှူးတောကိုဖြတ်စီးတယ်

ဂန္ဓမာခင်းကိုဖြတ်စီးတယ်

စံပယ်ခြုံကိုဖြတ်စီးတယ်

လယ်သူမ နှင့် အိမ်မွေးနွားတွေကြားကစီဆင်းခဲ့တယ်။

 

ရွှေပတ်နှင့်မာတဲ(လ်)

ဗော်(လ)ကာနှင့်သံပုရာ

ကမ်းပါးအိုနှင့်ညနေညို

နှုတ်ခမ်းညိုနှင့်ဆေးလိပ်တို

သက်ကြားအိုနှင့်ကညာပျို

 

ဗန်ဂိုးနှင့်သီအို

ဒါလီနှင့်နာရီ

ပီကာဆိုနှင့်ဂွာဏီကာ

ဒါဗင်ချီနှင့်အိန်ဂျယ်လို

 

ကလာသုံးပါးနှင့် အဆီ၊အရည်ဝ တောအုပ်တွေကိုဖြတ်စီးတယ်

အတ္တပုံခံ ပုံဆောင်ခဲ အစုအပုံ တောင်တွေကိုဖြတ်စီးတယ်

မြက်ခင်းရိုင်းတွေအကြား ကပိုကရိုလှပနေတဲ့

နှင်းစက်၊ နှင်းဥ တွေနဲ့အတူစီးဆင်းခဲ့တယ်။

 

ဓမ္မတေးနှင့်ဗုဒ္ဓ၀င်

နီတိနှင့်ကပ်သုံပါး

လက္ခဏာနှင့်အနာဂါတ်

 

ပြီးတော့ကာ

ဒိုင်ယာရီနှင့်ကမ်းခြေ

ဥာဥ့်နက်နှင့်ဥာဥ့်ငှက်

ပိတောက်နှင့်ကံကော်

 

ပြီးတော့ကာ

တိမ်ညိုနှင့်ကောင်းကင်

ရေတွင်းပြိုနှင့်နွေရာသီ

ဖားကောင်းနှင့်ဗျိုင်း

ကြက်သားနှင့်ကာလသား

အရက်ဖြူနှင့်ပင်မင်းဆိုင်

အပေါင်ဆိုင်နှင့် ဘုရားဒါယကာ။

 

 

ပက်ကြားအက်ခေါင်မိုးတွေကြားက စီးဆင်းခဲ့တယ်

ထမင်းဝနေတဲ့ ကျက်သရေဆောင် ခြေထောက်တွေကြားကစီးဆင်းခဲ့တယ်။

ကျိုင်းကောင်နှင့်ပုရွက်ဆိတ်တွေကြားကခပ်ကွေးကွေး စီးဆင်းခဲ့တယ်။

 

အဲသည့် မြစ်ဟာ

၂၀နာရီ ၆၀မိနစ် ၆၀စက္ကန့်မှာ

၂၆ တေးကိုဆိုလိမ့်မယ်။

အဲသည်အချိန် လောကကြီးဟာ

ဝက်သားလိုစားကောင်းပါစေ

သကြားလိုချိုပါစေ

နွားနို့လိုဖြူစင်ပါစေ

ကတ္တီပါဖိနပ်လို စီးကောင်းပါစေ

ကောင်းကင်တွေပြာပါစေ

လေပြေတွေအေးပါစေ

ပန်းပွင့်တွေမွှေးပါစေ

ထွက်သက် ၀င်သက်တွေ မျှတပါစေသား။

 

မိုးကြယ်

Wednesday, January 7, 2009

စိတ်ကူးယဉ်မိခြင်း

အားလ်စ်မှာတုန်းကအကြောင်းတွေကိုပြန်မစဉ်းစားချင်တော့အဲသည်တုန်းကနေရောင်ကိုသူတော်တော်လေးသဘောကျခဲ့သည်ပဲ။ အခုတော့ ချောက်ရေနံမြေက နေရောင်ကပိုလို့တောင်အားပါနေသည်ပဲလေ။သူ့အတွက်လည်း ၀င်းမျက်မှန် ကုမ္မဏီက နောက်ဆုံးပေါ် မျက်မှန်တစ်ခုထုတ်လုပ်ပေးခဲ့သည်။ အနှီမျက်မှန်က သဘာဝလောကကြီးကို၊အထူးသဖြင့် သူကြိုက်သည့်နေရောင်တွေကို ပြတ်သားစွာမြင်နိုင်သည်။ မျက်ဝန်းအိမ်ကိုလုံးဝထိခိုက်မှုမရှိမျက်စိကိုကြည်လင်ပြီးအေးမြစေသည်။ အဲဒါကြောင့်လည်း ရေဘင်ကုမ္မဏီ၏ ရာသက်ပန်စာချုပ်ကိုသူပယ်ချကာ ၀င်းမျက်မှန်၏ စာချုပ်ကိုလက်ခံခဲ့သည်။အဲသည်တုန်းက ဂေါ်ဂင် နှင့် မိုနေး တို့ကတောင်သူ့ကို ၀ိုင်းပြီးအပြစ်တင်ခဲ့ကြသည်။ အခုတော့ ဒီလူတွေ နောင်တရနေလောက်ပြီပေါ့ ရေဘင်က ၀င်းလောက်မှမကောင်းနိုင်ပဲလေ။ဒါကိုသူတို့ကောင်းကောင်းကြီးသဘောပေါက်နေလောက်ပြီ။ ကဲထားတော့ နေကြာပန်းတတိယမြောက်ဗားရှင်းစွဲအပြီးချောက်ရေနံမြေအလုပ်သမားများ၏ဘ၀ကိုပန်းချီဆွဲချင်၍သူဒီကိုရောက်နေခဲ့သည်ပုံကောင်းကောင်းလေးတစ်ပုံတော့ရအောင်ရေးမည်ဘိုရင်းနိတ်မှာတုန်းကကျောက်မီးသွေးတွင်းတူးအလုပ်သမားများ၏ အာလူးစားနေသူများပုံကိုသူရေးခဲ့သည်။ ယခုချောက်ရေနံမြေတွင်တော့ ကမ္ဘာကျော်သွားအောင်၊ဗင်းဆင့်ဗန်ဂိုး ၏ အမည်ကိုအရောင်ထပ်တင်လို့ရအောင်ကို ပုံကောင်းတစ်ပုံတော့ရမှဖြစ်မည်ပဲ။

 

ဗီသိုဗင်ကို အိုင်းရင်းခရော့ မှ ငှားလိုက်ပြီတဲ့။ အိုင်းရင်းခရော့ဆိုတာကလည်း ကမ္ဘာကျော်ရော့ဘန်း တစ်ခု။ ဒါပေမဲ့ဗီသိုဗင်ကတော့ချစ်စမ်းမောင်ဆီမှာနှစ်လလောက်တပည့်ခံကာဂီတာတီးနည်းအမျိုးမျိုးလေ့လာရဦးမည်။ ဒါကလည်းအတွင်းမှထွက်လာတဲ့စကားချပ်ဖြစ်သည်။ ဗီသိုဗင်ကတော့အိုင်းရင်းခရော့မှာတီးရမည့်အတွက်ဂုဏ်ယူနေသည်ကတော့အမှန်ဖြစ်သည်။

 

မြန်မာဘောလုံးအသင်းကပ္ဗတိန်စိုးမြတ်မင်းနှင့်တိုင်စစ်မှူးရန်ပိုင်တို့ကိုမန်ချက်စတာယူနိုက်တက်ကကမ္ဘာ့အမြင့်ဆုံးပြောင်းရွှေ့ကြေးတစ်ရပ်နှင့်ခေါ်ယူစာချုပ်ချုပ်လိုက်သည်။ကမ္ဘာ့အားကစားလောကတွင်တော့ လူပြောများသည့်သတင်းတစ်ပုဒ်ဖြစ်သည်။ယခုနှစ်အတွက်မန်ချက်စတာယူနိုက်တက်၏အံ့အားသင့်ဖွယ်ပြောင်းရွှေ့ခြင်းဖြစ်သည်။ဒါတောင်ပြိုက်ဘက်ချက်ကြီးနှင့်အာကြီးတို့ကအောက်ဈေးနှင့်လိုက်နှိုက်လို့ဈေးပိုပေးလိုက်ရသည်ဆိုပဲ။စိုးမြတ်မင်းနှင့်ရန်ပိုင်ကတော့မန်ချက်စတာယူနိုက်တက်၏မှော်ဝင်နံပါတ်(7)ကိုစီရော်နယ်ဒိုစီမှ ဘယ်သို့ဘယ်ပုံ အပြိုင်လုယူရမည်ကိုတော့ ခေါင်းချင်းဆိုင်နေပြီပဲ။

 

ယိမ်းနွဲ့ပါးမှ ဟိုယောင်ယောင် ဒီယောင်ယောင် မောင်မိုးကြယ် တစ်ယောက် ဘာမှမလုပ်ပဲကြီးပွားချမ်းသာသွားကြောင်း။ မည်သို့လုပ်လိုက်သည်မသိ အလိုလိုနေရင်းနှင့် ချမ်းသာသွားကြောင်း။ ဟာဝိုင်ရီ ကျွန်းကိုအပိုင်ဝယ်လိုက်ပြီတဲ့။ ဂျော်နီဝေါ့လ်ကားမှာရှယ်ယာအများဆုံးပိုင်သည်တဲ့လေ။ လာမည့်အပတ်တွင် စတိဂျော့ဆီမှ Apple CEO ရာထူးကိုလွှဲပြောင်းရယူမည်တဲ့။ ဟဲ ဟဲ ဟဲ…

 

ကဲ မယ်ဂုရေ စိတ်ကူးတော့ယဉ်ပြီးသွားပြီ။ ထပ်ပြီးစိတ်ကူးယဉ်ရရင်ဒီထက်ပိုဆိုးကုန်လိမ့်မယ်။ ဟားဟားဟား… ဒီလောက်နဲ့ပဲလက်စသတ်လိုက်တာကောင်းပါတယ်။

ငါ့ညီမကျေနပ်နိုင်ပါစေ။

 

မိုးကြယ်

Sunday, January 4, 2009

မြို့ပြပွဲတော်


မြို့ပြပွဲတော်

 

တိမ်လိုလို ရေလိုလို

ရွှေလိုလို ငွေလိုလို

အန်ချ.. မြိုချ..

ပြီးတော့..

အလျင်းသင့်သလိုလည်း ပြန်ကောက်ရဲ့

အဲဒီ စကားခပ်ပြားပြားတွေကြောင့်ပဲ

လေထုလည်း ညှီစို့ခဲ့…

 

အတ္တကိုစိန်စီ

မာနကိုရွှေချ

အတုံးလိုက်အတစ်လိုက် ရိရွဲနေပုံများ

ကိုယ့်ကိုကိုယ်လည်းလေဘောင်ခတ်ထားသေး

ကိုယ့်ကိုကိုယ်လည်းပြန်ခွေထားသေးရဲ့…

 

ခင်ဗျားတို့ကျုပ်တို့

ကျွန်တော်တို့ ကျွန်မတို့

လျှပ်ပေါ်လော်လီနေတဲ့ မိတ်ဖွဲ့တေး

မင်္ဂလာပါဆိုတဲ့စကား အရသာမဲ့

ဆွဲမတင်တာကြာလို့ လျော့ရဲနေတဲ့ကြိုး

ဟန်ဆောင်ကလကာ တစ်ချပ်က

အုပ်မိုးထားသေး…

 

ကောင်းကင်အတု…

ရယ်သံအတု…

ငိုသံအတု…

ပြက္ခဒိန် ပေါ်က ရက်ရာဇာနဲ့ပြသဒါးလည်းအတု

ပြီးတော့ စိတ်ဓါတ်တွေလည်းအတု…

 

မရိုးသားခဲ့ကြပါဘူး

ဒါပေမဲ့…

အသပြာအတွက်တော့ ကြိုးစားခဲ့ကြ…

 

မြို့ပြမှာပွဲတော်ရှိတယ်

နှလုံးသားကိုယဇ်ပူဇော်တယ်

ရင်ဘတ်ကိုချခင်း

တစ်ယောက်နဲ့တစ်ယောက်နင်းသွားကြတယ်

ရည်မှန်းချက်တွေ ရှင်သန်တယ်

ရည်ရွယ်ချက်တွေထမြောက်တယ်

ခံစားချက်တွေကိုတော့

ဝင်ကြေးအဖြစ်တနင့်တပိုးပေးခဲ့ရတယ်..

 

မြို့ပြပွဲတော်မှာ

ငါကိုယ်တိုင်လည်း အိပ်မက်တွေခင်းကျင်း..

မျှော်လင့်ခြင်းတွေကို အသက်သွင်းဖို့ကြိုးစားခဲ့..

ဒါပေမဲ့

တံတွေးတစ်စက်နဲ့ မျက်စောင်းတစ်ချက်ပဲ

အဖတ်တင်ကျန်ရစ်တယ်..

 

မိုးကြယ်

Friday, January 2, 2009

သောကြာနေ့


ဒီနေ့မှ... နေသာသလိုလို..
ဒီနေ့မှ... ပန်းပွင့်လေးတွေ နှင်းစို သလိုလို...
ဒီနေ့မှ... သံစဉ်တွေ မွေးဖွားလာသလိုလို....

ဒီနေ့မှ...ဒီနေ့မှ........

၄၇.၅ နာရီပြည့် ရင်..
လ တခါသာတယ်...

အဲဒီနေ့ ကျရင်
သိုးဆောင်း တေးတွေကလဲ ကခုန်ကြတယ်...

အဲဒီနေ့ ကျရင်...
နှင်းတွေ စုတာမြန်တယ်....
လေးနက်တဲ့ အလင်းတွေအားလုံး သံစဉ်တွေအားလုံး..............

ရိုးရိုးလေးနဲ့....
လှတယ်...

ကိုနေ

တို့ကမ္ဘာ


ဟော..
ဒီ..စီးကြောင်းထဲ ပြန်ရောက်သွားပြန်ပြီ....

နိမ့်လိုက်မြင့်လိုက်...
အစိုင်လိုက်ရွက်လွှင့်နေကြတဲ့...
တိမ်လွှာတွေ...

ကူးလိုက်ခတ်လိုက်နဲ့...
ကြေမွနေတဲ့
လေညှာတွေ....

ရေလေးတပေါက်အတွက်နဲ့
ရင်းနှီးလိုက်ကြရတာများ..

တကယ့် တထောင့်တညပဲ....

ကိုနေ(၂၀.၁၂.၂၀၀၈ ၁း၂၃)

Wednesday, December 31, 2008

ကိုယ်တိုင်ရေးပုံတူ


ကိုယ်တိုင်ရေးပုံတူ


ချိုဆိမ့်ဆိုတဲ့ လဖက်ရည်တစ်ခွက်နဲ့

အံဆုံးလည်းပေါက်ခဲ့ပြီ။


ဂျပန်ဖိနပ်

ကတ္တီပါဖိနပ်

ပြီးတော့ ကန်းဗတ်(စ)

လဗိုက်(စ) မဟုတ်ရင်

ခါးပေါ်မတင်တဲ့ကောင်။


အမေပြောတဲ့

ဂျေးများ ပြီးတော့

အရိုးခါးတဲ့ကောင်ပေါ့။


ဆေးရွက်ကြီးနဲ့ဖင်ဆီခံကို

အခုထက်ထိခွဲခြားမသိသေးတဲ့ကောင်

ဝီလီယံဝါးလက်(စ) ကိုဂုဏ်ပြုတိုင်း

ဝီစကီထထသောက်တတ်တဲ့ကောင်ပေါ့။


ရော့ဂီတကိုခုန်မင်

ဂျင်မီမော်ရစ်ဆင် လိုလည်း

ရုပ်ချောချင်သေး

ကိုလေးဖြူလိုလည်း အသံကောင်းချင်သေး။


ဗန်ဂိုးရဲ့နေကြာပန်း

ပီကာဆိုရဲ့ 4 ဒိုင်မေးရှင်း

တူလုစ်လော့ထရတ်ပြောတဲ့မိန်းမတွေအကြောင်း

ကတ်(ဖ)ကာရဲ့ စာတိုပေစများ

မိုက်ကယ်အိန်ဂျလိုရဲ့ ဒေးဗစ်ရုပ်

ရိုဒင် ရဲ့အတွေးအခေါ်ရှင်

ပြီးတော့

ချာလီလပ်ကီးလူစီယာနိုကိုလည်း

အားကျခဲ့တဲ့ကောင်ပေါ့။


ကြယ်တွေကြွေရင်ကြည်နူးတယ်

စံပယ်တွေကိုချစ်တယ်

တစ်ခါတစ်လေလည်း လောကကြီးကို

အော်ဆဲနေတတ်တဲ့ကောင်ပေါ့။


မန်ချက်စတာယူနိုက်တက်မှာဘောလုံးကန်ချင်တယ်

အိုလံပစ်မီးရှူးတိုင်ကိုလည်းကိုင်လို့ပြေးချင်တယ်

ပြီးတော့ကာ

မိုက်တိုင်ဆန်နဲ့လည်း တစ်ပွဲတစ်လမ်းအကဲစမ်းလိုက်ချင်သေးရဲ့။


သူကအတည်ချစ်ပြီး

သု့ကိုအတည်မုန်းသွားတဲ့

အမျိုးကောင်းသမီးလေးတွေကို သတိရရင်လည်း

မိုးလင်း မိုးချုပ် ရယ်နေတတ်တဲ့ကောင်ပေါ့။


ကဗျာကိုဝတ်ဆင်

ကဗျာကိုစားသောက်

ကဗျာနဲ့ အိမ်ဆောက်ချင်တဲ့ကောင်။


သူ့မှာ ကဗျာဆရာအပေါင်းအသင်းကလည်းပေါသေး

ပန်းချီဆရာအပေါင်းအသင်းကလည်းပေါသေး

သူတို့များ မိုးကြယ်ရေ ဂေါ်ရအောင်ဆို

ဆော်ပြီးသားဆိုတဲ့ကောင်ပေါ့။


စကြာဝဠာ နိယာမကို အသားကုန်မုန်း

ဆွဲအားတွေကို ဆန့်ကျင်

ကြယ်တံခွန်လို ပြေးချင်တဲ့ကောင်ပေါ့။


နေပူမရှောင်

မိုးရွာမရှောင်

အမြဲတမ်း ပြုံးနေတဲ့ကောင်ရယ်လေ။


ဘ၀ဆိုတဲ့ရထားပေါ်မှာ

ခရီးသည်အဖြစ်နဲ့

ငြိမ်ငြိမ်လေးလိုက်သွားချင်တဲ့ကောင်ပါ။


အဲဒီမိုးကြယ်ဆိုတဲ့ကောင်လေ

ကော်ဖီတစ်ခွက် ပေါင်မုန့်တစ်လုံးနဲ့

တံခါးတွေဖွင့်ဖွင့်ပြီးသွားနေခဲ့တာ

သူ့ရဲ့ အိပ်မက်ဆိုတဲ့ အနာကြီးက

ပြည်မှဲ့နေခဲ့ပြီ။


မိုးကြယ်

Thursday, December 25, 2008

နှင်းခါးမိုး

ကျွန်တော်ဘာလုပ်ရမည်နည်း..ထိုင်ရမလိုထရမလိုနှင့်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ကိုနေ့ကိုကြည့်တော့လည်းဆရာသမားကနားကြပ်တပ်ပြီးသီချင်းနဲ့ငြိမ့်လို့..ကျွန်တော်သာဘာလုပ်လို့လုပ်ချင်နေမှန်းမသိတာ..ရာသီဥတုကလည်းကိုယ့်ဖက်ပါနေတယ်ဆိုတော့ကလုပ်စရာဆိုလို့တစ်ခုပဲရှိတော့သည်..ရေခဲသေတ္တာကိုဖွင့်ကြည့်တော့ဂျော်နီလမ်းလျှောက်ကခေါင်းမော့ကြည့်သည်..သူ့ကိုတော့ထိလို့မဖြစ်..သူ့နဲ့ဆိုရင်မနက်ထိတောင်လမ်းတူတူလျှောက်ရကိန်းမြင်သည်..ဟောတွေ့ပြီ..ဟိုတနေ့ကလက်ဆောင်ရထားတဲ့ကျောက်ဆူးတစ်ကဒ်..နှစ်းဗူးကျန်နေသေးတယ်..ကဲလာခဲ့..ကျောက်ဆူးနှစ်ဗူးကိုပဲထိုင်ဖြိုနေလိုက်သည်..နှစ်ဗူးကုန်တော့လူကရီဝေေ၀..သိတာကလား…ကိုယ့်အကြောင်းကိုယ်..စပြီဆိုရင်တော်တော်နဲ့ရပ်လို့မရ..ကျောက်ဆူးပြတ်တော့ရှေ့ကိုဂျော်နီနဲ့သာလမ်းလျှောက်ရတော့မပေါ့..တော်သေးတာကဂျော်နီကသုံးပတ်စာလောက်သာကျန်တော့လို့..လမ်းလျှော်လို့သုံးပတ်လည်းပြည့်ရော..လူလည်းတော်တော်လေးကိုအခြေအနေကောင်းနေပြီ…ကွမ်းလေးတစ်ယာလောက်မြုံ့ပြီးမက်ဆိုတဲ့စာအုပ်ပေါ်လက်တင်တော့..ကဗျာတစ်ပုဒ်ကိုဘယ်ဘက်ရင်အုန်ကနေပြို့အန်ချလိုက်တယ်..စင်္ကပူကခရစ်စမတ်ကိုဒီလိုပဲခပ်ညစ်ညစ်လေးကြိုဆိုမယ်ဗျာ..


နှင်းခါးမိုး


ဝိုင်ချိုတစ်ခွက်ကိုယစ်မူး
ခါးသက်တဲ့ ဓါးချက်တွေကိုမှ မြိန်ယှက်…
ဝင်သက်ထွက်သက်တောင် မကွဲတဲ့
အဲ့ဒီ အခန်းကျဉ်းထဲမှာပဲ..
ငါ့ညတွေ စိတ်သုန်း..

တရုံးရုံး တဂျုန်းဂျုန်းနဲ့
ငါမပြိုခင်ထဲက ညိုချင်နေတဲ့မိုး..
အခုတော့ သူ့ရင်ဘတ်သူစုတ်ဖြဲ..
သူ့ဘာသူသောက်မြိုခဲ့တာတွေ သွန်ချ..
ငါ့ကမ္ဘာတောင် ရွှဲရွှဲစိုပေါ့..

အဲဒီလိုနဲ့
ငါဆီ စုပြုံတိုးဝင်လာတဲ့ဆောင်းကို..
ငါမထွေးပိုက်ရသေးခင်..
…..
…………
……………….
ငါ့အိပ်မက်တွေကြိုးပျက်….
သံစဉ်တွေလဲပြိုကျ..

တစ်ပြိုက်နှစ်ပြိုက်နဲ့ပဲ..

ငါ့ကိုယ်ငါတောင် ပြန်ခါးမိပါရဲ့။

မိုးကြယ်

Wednesday, December 17, 2008

ဆာဟာရ


ဆာဟာရ

ဟိုး

.

.

.

.

ဝေး

.

.

.

.

ဟိုး

.

.

.

.

အဝေး…မှာ…

အလံဖြူတစ်လက်နဲ့

ရာဇ၀င်တစ်ကွက်မရှိတဲ့ကောင်ပေါ့..

 

ကြမ္မာနတ်ဆိုး

တိုးတိုးပြီးနက်လာတဲ့ ချောက်ကမ်းပါး.

ကောင်းကင်နဲ့လည်း ခေါင်ခိုက်အောင်ဝေးပေါ့…

 

ဒဏ်ရာရက်စွဲ

တံခါးအပျက်ပျက်

လမ်းတစ်ဝက်နဲ့

ဘယ်တော့မှ မပြန်ဘူး..

 

အခုတော့

အလွမ်းတွေနဲ့ပစ်ပေါက်လို့

မိုးတိမ်တွေကိုလှစ်

ကန္တာရအဖြစ် ခဏနေမယ်..

 

ကဲ..

နေဆယ်စင်းသာ အပြိုင်က

ငါလိုကောင်ကလည်း..

ပူကျက်ကျက်နဲ့ တောက်ပမလို့။

 

မိုးကြယ်

Monday, December 15, 2008

ဆောင်းလိမ်းကြံတဲ့နှင်းစက်


ဆောင်းလိမ်းကြံတဲ့နှင်းစက်

မတားနဲ့ ငါလာမလို့
နွေအရောင်တွေပြိုင်းပြိုင်းထ..
ငါခိုခဲ့ရတဲ့ ၀င်ရိုစွန်းကနေငါလာမယ်..

ကြည့်ပါ
မီးပြတိုက်အလီလီထွန်းပြီး
ပင်လယ်ကိုမြင်အောင်ကြည့်ပါ..
မုတ်သုန်လမ်းခွဲ..
သွားလိုရာသွားဖို့
တံခါးတွေအားလုံးဖွင့်ထားတယ်..

ကြိုလှည့်ပါ ဆိုက်ပရပ်ပင်ကြီးရေ..
ကြိုလှည့်ပါ တေးသီငှက်လေးရေ..
ကြိုလှည့်ပေါ့ ပန်းပွင့်လေးတွေရေ..
ငါလာခဲ့ပြီ..

မနက်ခင်းတွေကိုကြိုးနဲ့သီ
မြူနှင်း ကလာကာဖြန့်ခင်း.
ငါသွားတဲ့ လမ်းတိုင်းအေးမြစေ..

အို… ငါ့ရဲ့
ချစ်သူပျိုမ နိုးထပါတော့..
ငါ့ကောင်းကင်ကိုလှုပ်ခတ်လို့
မင်းလိမ်းကြံမဲ့ ဆောင်းမှာ
ငါဟာလည်း နှင်းတစ်စက်တော့ဖြစ်တယ်။

မိုးကြယ်

ဓူဝံကြယ်


ဓူဝံကြယ်

လက်ရာတွေအားလုံးခုတ်ထွင်ရှင်းလင်းပြီးမှ
ပန်းချီကားအသေတစ်ချပ်ကို အသက်သွင်း
ကဝေအပြုံးနဲ့ စုန်းမျက်နှာ
ရင်ဘတ်မပါတဲ့ ညှာတာခြင်းတွေနဲ့
ငါ့မနက်တွေကိုအရောင်စိုးခဲ့..

နာဖျားပြီးမှပဲငါ့ကိုကုစားလှည့်ပါ
မညီညာထကြွနေတဲ့ နှလုံးသားကိုလည်း
ထယ်သွားနဲ့ ခုတ်ချ..
ပေါင်းသတ်ပြီးမှ အလွမ်းပျိုးပင်ကိုပစ်ချစိုက်ပျိုး..
အခုတော့..
ငါတို့ ကန္တာရမိုင်တိုင် ဝေးခဲ့ပေါ့..

ခြေထောက်ပျောက်သွားတဲ့ ဖိနပ်တစ်ဖက်…
အိပ်မက်ပျောက်သွားတဲ့ သန်းခေါင်ယံညနက်….
ငါ့ကိုယ်ငါအတောင်တပ်ပြီးပျံသန်းလိုက်တယ်
မြောက်အရပ်ဆီ..

လွမ်းနေရင်ပဲဖြစ်ဖြစ်...
သမ်းဝေရင်ပဲဖြစ်ဖြစ်...
ကောင်းကင်ကိုမော့ကြည့်လှည့်
ငါဆိုတဲ့ ဓူဝံကြယ်
လှုပ်လီလှုပ်လဲ့နဲ့
ကမ္ဘာမြေသို့ကြွေချင်ခဲ့တာ
အလင်းနှစ်တစ်ရာတိုင်ခဲ့ပြီ။

မိုးကြယ်